ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဥရောပနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပနိုင်ငံများဖြစ်ကြသည့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂရိနိုင်ငံ၊ နော်ဝေနိုင်ငံ၊ စပိန်နိုင်ငံ ၊ ဆွီဒင်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၃၆) ဦးကို ယနေ့ မေလ ၅ရက်၊ ၂၀၂၁ခုနှစ် နေ့လည် (၂:၃၀) အချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း အကြောင်းနှင့် ရှေ့ဆက်မည့် မူဝါဒလမ်းစဉ်၊ အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်နေမှုများ၊ တိုင်းရင်းသား ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေး၊ နယ်စပ်ဒေသ စစ်ဘေးရှောင် ပြည်သူများအား အကူအညီပေးနိုင်ရေး ကိစ္စရပ်များအပြင် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အစဉ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကိုယ်စားလှယ်များ သိရှိလိုသော မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့ပါသည်။