အမျိုးသားညီညွတ်ရေး အစိုးရ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည် ဂျာမနီနိုင်ငံ ပါလီမန်ရှိ SPD ပါတီအစု၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

အမျိုးသားညီညွတ်ရေး အစိုးရ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည် ဂျာမနီနိုင်ငံပါလီမန်ရှိ SPD ပါတီအစု၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ် (Foreign Policy Spokesman of the SPD Parliamentary Group in the German Parliament) နှင့် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံမှုပြုလုပ်ခဲ့၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဂျာမနီပါလီမန်၊ SPD Parliamentary Group ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ်က ဂျာမဏီနိုင်ငံ၏ SPD ပါတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လုံးဝ လက်မခံကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG အား နိုင်ငံရေးအရ ကူညီထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သားများနှင့်အတူ ရပ်တည်နေပါကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအား ထိရောက်သော အကူအညီများ ပေးရေးကိစ္စရပ်များကိုလည်း ထည့်သွင်းပြောဆိုသွားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ချင်းပြည်နယ် မင်းတပ်မြို့၏ အခြေအနေများနှင့်အတူ CRPH၊ NUG နှင့် NUCC တို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းစဉ်များ၊ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ဝိုင်းဝန်းအားပေးသွားကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ချက်သမ္မတနိုင်ငံအခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ဦးလင်းသန့်လည်း တက်ရောက်သည်။