နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့က ပြင်သစ် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ ဒုဥက္ကဌတို့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့က ပြင်သစ် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ ဒုဥက္ကဌတို့အား လက်ခံတွေ့ဆုံ

ယနေ့ မေလ ၂၁ရက်၊ ၂၀၂၁ခုနှစ် နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့သည် ပြင်သစ် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အာရှပြင်သစ်အသင်း ကိုယ်စားလှယ်တို့ကို လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာရေးရာ ကော်မတီ (CRPH IR Committee) မှ ကော်မတီဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်သစ် – မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ထို့​နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မိမိတို့ အစိုးရသည် လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာသော ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ယခုအခါ အကြမ်းဖက် စစ်ကောင်စီမှ အပြစ်မဲ့ ပြည်သူများကို အင်အားသုံး ဖြိုခွင်းနေကြောင်း၊ မိမိတို့အနေဖြင့် စစ်ကောင်စီကို ပြည်သူများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကာ ဖြုတ်ချသွားမှာဖြစ်ပြီး အောင်မြင်ပြီးသောအခါ မိမိတို့အစိုးရအနေနှင့် ရည်မှန်းအကောင်အထည်ဖော်ရမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ကိုလည်း မမှိတ်မသုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ နိုင်ငံခြားရေးရာ မူဝါဒများကို ရှင်းလင်းပြောကြားပါသည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များ၊ လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် တည်ဆဲဥပဒေများဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။