ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jakub Kulhanek နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပြီး​နောက် ချက်သမ္မတနိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးက NUGကို ​ထောက်ခံ​ကြောင်း​ပြော

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jakub Kulhanek နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း၊ ၄င်းအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ်မှုများကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး ရုန်းကန်လှုပ်ရှားမှုများကို ထောက်ခံကြောင်း ဆွေးနွေးခဲ့ပြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း လက်ရှိ မြန်မာပြည်တွင်း ဖြစ်ပွားလျက်ရှိသည့် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့အသီးသီးတွင် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်၊ ဖမ်းဆီးမှုများအပြင် တိုင်းရင်းသားဒေသများတွင် စစ်ရေးအရ လေကြောင်းတိုက်ခိုက်မှုအပါအဝင် သာလွန်အင်အားသုံး တိုက်ခိုက်မှုများ၊ ထိုသို့တိုက်ခိုက်မှုများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လျက်ရှိသည့် လူမှုစီးပွားဆိုင်ရာအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ Liaison Officer ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။