အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာမာတင်တလာပါ (H.E. Mr. Martin Tlapa)က တရားဝင် လက်ခံအသိအမှတ်ပြု ဂုဏ်ယူကြောင်းထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာမာတင်တလာပါ (H.E. Mr. Martin Tlapa)က တရားဝင် လက်ခံအသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချက်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာတင်တလာပါက မိမိတို့ မိတ်ဆွေရင်းချာဆက်ဆံရေးမှတဆင့် သင်၏နိုင်ငံတွင် လတ်တလောရင်ဆိုင်နေရသော အလွန်ခက်ခဲသည့်အခြေအနေများကို ကျော်လွှားရန် အထောက်အပံ့ဖြစ်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့်နေ့ကတည်းကပင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ တရားဝင် ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များကို ထောက်ခံကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲရလာဒ်အား လေးစားရေး တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွသော ကျန်ဖမ်းဆီးခံထားရသူအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုကြောင်း၊ ချက်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ စာတွင် ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံ၏ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ဖွဲ့စည်းသည့် အစိုးရသစ်ကို အသိအမှတ်မပြုကြောင်း၊ တရားဝင်ရွေးကောက်ခံ အရပ်သားအစိုးရအား ချက်ချင်း အာဏာပြန်လွှဲရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် ပါလီမန်လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရန် တိုက်တွန်းပြောဆိုထားသည်။

မိမိတို့ ချက်သမ္မတနိုင်ငံသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အား ထောက်ခံကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းသည်ကို ကြိုဆိုပါကြောင်းလည်း ၄င်းက ဆိုသည်။