မြန်မာနိုင်ငံမှနိုင်ငံရေးခိုလှုံခွင့်တောင်းသူများအား ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ရနိုင်အောင် ဆောင်ရွက်ပေးမည်ဟု ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များမှ ပြောကြားခဲ့

မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေသော အခက်အခဲများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့ ပထမဆုံးအကြိမ် အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုကို  မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါဆွေးနွေးပွဲအပြီး အမျိုသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအကြား ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ 

မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အား တရားဝင်ပြည်သူ့အစိုးရအဖြစ် အသိအမှတ်ပြုရေး၊ ဒီမိုကရေစီအမြန်ဆုံးပြန်လည်ရရှိရေး၊ မြန်မာနိုင်ငံ၏ လိုအပ်လျက်ရှိသော လူမှုစီးပွားရေးအခြေအနေများအား အမြန်ဆုံးပြန်လည် တည်ဆောက်ရေးကိစ္စများအား အကူအညီပေးနိုင်ရေးတို့ကို မိမိတို့ ဂျပန်နိုင်ငံအစိုးရကို တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် စစ်ကောင်စီနှင့်ဆက်စပ်လျက်ရှိသော လုပ်ငန်းများအားလုံးအား ကန့်သတ်၊ရပ်ဆိုင်းခြင်းများ ပြုလုပ်ရေး၊ မြန်မာနိုင်ငံသို့ လက်နက်များတင်ပို့ရောင်းချလျက်ရှိသော အနောက်နိုင်ငံများ၏လုပ်ရပ်များအား အလွန်အမင်းရှုတ်ချပြီး မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုရပ်ဆိုင်းရေး ကြိုးပမ်းဆောင်ရွက်မှုများအား ကူညီပေးရေးနှင့် မြန်မာနိုင်ငံမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်၍ ဂျပန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရယူလိုသူများ နေထိုင်ခွင့်ရစေရေး အစရှိသည်တို့ကို မိမိတို့၏ ဂျပန်အစိုးရသို့ တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပူးတွဲကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုတိယသမ္မတ ဒူဝါလရှီးလမှ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံအရေးကူညီဆောင်ရွက်နေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ Mr. Nakagawa မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။