မင်းအောင်လှိုင်အားနိုင်ငံ့ခေါင်းဆောင်ဟု တရုတ်သတင်းစာတွင်သုံး နှုန်းထားခြင်းအပေါ် NUGနိုင်ငံခြားရေးဝန်ကြီးမှ အလွန်အမင်းရှုံ့ချကြောင်း အိတ်ဖွင့်စာပေး

မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဖြစ် သုံးနှုန်းထားခြင်းကို အလွန်အမင်းရှုံ့ချကြောင်း  အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိထံသို့အိတ်ဖွင့်စာတစ်စောင်အား  ပေးပို့ခဲ့ပါသည်။

အဆိုပါအိတ်ဖွင့်စာကို၂၀၂၁ခုနှစ် ၊ဇွန်လ ၊(၇)ရက်နေ့တွင် နိုင်ငံ‌ခြားရေးဝန်ကြီး  ‌ဒေါ်ဇင်မာအောင်မှ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်နေ့အတွက် နှုတ်ခွန်းဆက်သကြောင်း‌ ပြောဆို၍ မကြာခင်ကျင်းပမည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဝန်ကြီးများ အစည်းအဝေး (LMC) များ ကျင်းပမည်ကို သတိပြုမိပါကြောင်းတို့ဖြင့် အစပြု ပြောကြားထားပါသည်။ 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း လက်ရှိ အကျပ်အတည်းများဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သည်ကို ကြိုဆိုပါကြောင်း၊ မင်းအောင်လှိုင်အား  နိုင်ငံ့ခေါင်းဆောင် ဟုသုံးနှုန်းထားသည့်  တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်ကို အလွန်အမင်းရှုံ့ချကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀)ပြည့် အခမ်းအနားနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့တွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော NUG အစိုးရအဖွဲ့အား ပါဝင်ရန် ဖိတ်ခေါ်မှုပျက်ကွက်ခဲ့‌ကြောင်းနှင့်  မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာပြည်သူလူထုကို ကိုယ်စားမပြုကြောင်းတို့ကို ရေးသားထားပါသည်။

ယခုအခါ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ပူးတွဲသဘာပတိဖြစ်သည့်အလျောက် ဖိုရမ်ကျင်းပရေးအတွက် NUGအစိုးရအား ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်မှု မရှိခြင်းသည် ဒေသတွင်း လုံခြုံရေးချိုးဖောက်မှုများကို ကိုင်တွယ်ရန်ဖြစ်သည့် LMC၏ စွမ်းဆောင်ရည်ကိုလည်းစိန်ခေါ်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်းနှင့် LMC ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံရှိ ရွေးကောက်တင်မြောက်ခံရသောအစိုးရကို နေရာပြန်လည်ရရှိရေး တွင်အားစိုက်လုပ်ဆောင်သင့်ကြောင်းလည်း ပါဝင်ပါသည်။

အဆုံးသတ်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများကို ဖြေရှင်းရန် အာဆီယံအား တိုက်တွန်းထားသော်လည်း အောင်မြင်မှု မရရှိခြင်းမှာ တိုင်းပြည်အကျပ်အတည်းအား အဆုံးသတ်စေမည့် လက်တွေ့ကျသည့်

ယန္တရားတစ်ရပ်လိုအပ်နေခြင်းဖြစ်‌ကြောင်းနှင့် မင်း‌အောင်လှိုင်ပြော ကြားသောနိုင်ငံတွင်း  တည်ငြိမ်မှုသည်တရားဝင်ပြည်သူ့အစိုးရ ဖြစ်သည့် NUGအစိုးရအား အာဏာမအပ်နှင်းသ၍ မရရှိနိုင်ကြောင်း‌ရေးသားထားပါသည်။

ထို့အပြင် NUGအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနှင့် မြန်မာ့နိုင်ငံအရေး ဆွေးနွေးမှုများ ပြုလုပ်ရန် လိုလားလျက်ရှိကြောင်းလည်းဖော်ပြထားပါသည်။ 

တရုတ်နိုင်ငံသည်  မင်းအောင်လှိုင် အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ မြန်မာ့နိုင်ငံအရေးအား ပါးစပ်ပိတ်လက်ပိုက်ကြည့်နေခဲ့ပြီး နိုင်ငံတကာအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ပြည်တွင်းအရေးဟုဆိုကာ မင်းအောင်လှိုင်၏ အကြမ်းဖက်လုပ်ရပ်များအား ကာကွယ်ပေးလျက်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။