အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Cristina Gallach တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E Cristina Gallach တို့သည် လတ်တလော ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသည့် မြန်မာနိုင်ငံရေး အခြေအနေများနှင့်ပက်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ထိုသို့ဆွေးနွေးရာတွင် – စပိန်အစိုးရအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စစ်ကောင်စီအား စီးပွါးရေးပိတ်ဆို့ဒဏ်ခတ် အရေးယူမှုဆိုင်ရာ အခြေအနေ ၊  အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) အား နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံမှု ရရှိရေး အခြေအနေ ၊ စစ်ကောင်စီ ၏ ကချင်၊ ကရင်၊ ကယား၊ ချင်း ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်း ဒေသများအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ ၊ လူနေရပ်ကွက်များ အား အကြမ်းဖက် ဖျက်စီးမှုများ ၊ ဖမ်းစီးထိမ်းသိမ်းမှုများ ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေမှု အခြေအနေများ နိုင်ငံတကာအသိုင်းအဝိုင်း မှ ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့်အခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ပြီး ၊ 

စပိန် နိုင်ငံ အနေဖြင့် လည်း မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည် အာဏာသိမ်းမှု နှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ၊ မတည်မငြိမ်မှုများအတွက် စိုးရိမ်လျက်ရှိကြောင် ၊ မြန်မာပြည်သူများနှင့် ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေးအတွက် စပိန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ နှင့်အတူ ရပ်တည် ပါကြောင်း ၊ ဆက်လက်၍ လည်းမြန်မာ့နိုင်ငံရေးဖြစ်စဉ်များနှင့်ပက်သက်၍ စဉ်ဆက်မပြတ် တွေ့ဆုံသွားရန် ရည်ရွယ်ကြောင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။