ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက်

ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ (Senate Committee on Foreign Affairs, Defense and Armed Forces) ဥက္ကဋ္ဌ President Mr. Christian Cambon ၏ ဖိတ်ကြားမှုအရ ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသား ညီညွတ်ရေး အစိုးရမှ ဝန်ကြီးများ ဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ President Mr. Christian Cambon က အဖွင့်စကား ပြောကြားခဲ့ပြီး ဦးအောင်ကြည်ညွန့်၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် ဦးမိုးဇော်ဦးတို့က မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ် နေသော အခြေအနေများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဆောင်ရွက်နေသော ကိစ္စများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံချက်၊ ရပ်တည်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးချက်များအပေါ်မူတည်၍ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီ အဖွဲ့ဝင်များ ဖြစ်သော ALLIZARD Pascal, CADIC Olivier, CAMBON Christian, CIGOLOTTI Olivier, FOLLIOT Philippe, GARRIAUD-MAYLAM Joëlle, TODESCHINI Jean-Marc တို့က မေးခွန်းများမေးခြင်း၊ ပြန်လည် ဆွေးနွေးခြင်း တို့ ပြုလုပ်ခဲ့သည်။ ပြင်သစ် အထက်လွှတ်တော်သို့ တင်သွင်းမည့် မြန်မာပြည်နှင့် ပတ်သက်သော ဥပဒေကြမ်းကိစ္စ၊ အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ ပြင်သစ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများထံမှ စစ်ကောင်စီထံ စီးဆင်းနိုင်မည့် ငွေကြေးများကိစ္စ၊ စစ်ကောင်စီကို ထိရောက်စွာ အရေးယူရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂ၏  အရေးယူ ဆောင်ရွက်မှုများ၊ လူသားချင်း စာနာမှုအကူအညီများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ အား လက်တွေ့ကျကျ ကူညီပေးနိုင်ရေးကိစ္စ စသည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေး မေးမြန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြပါသည်။