ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ ဒါရိုက်တာတို့တွေ့ဆုံ

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs. Eliška Žigová ကဖိတ်ကြား၍ မြန်မာ့အရေးကိစ္စများနှင့်စပ်လျဉ်းပြီး ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ယနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ဆွေးနွေးကြသည်။ 

မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုဗစ်ကာကွယ်ဆေး အပါအဝင် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ပစ္စည်းများဆိုင်ရာ ချက်နိုင်ငံက အကူအညီပေးရေး ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ 

ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် ပစ္စဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs Eliška Žigová ကလည်း ချက်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ချက်နိုင်ငံ၏ တက်ကြွစွာ အားပေးထောက်ခံကူညီမှုများနှင့် တကွ မြန်မာပြည်သူများနှင့် အတူ အခိုင်အမာရပ်တည်ကြောင်း၊ စစ်ကောင်စီ၏ ရက်စက်လူမဆန်စွာ သတ်ဖြတ်မှုများအား အပြင်းထန်ဆုံး ရှုတ်ချကြောင်း၊ စစ်ကောင်စီ အနေဖြင့် အဆိုပါ အကြမ်းဖက် သတ်ဖြတ်မှုများအား ချက်ချင်းရပ်တန့်ရေး တောင်းဆိုထားကြောင်း၊ NUG အစိုးရအား ဥပဒေကြောင်းအရ တရားဝင် ထောက်ခံရေး အတွက် နိုင်ငံတကာ ဥပဒေ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးလျှက် ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲတွင် ချက်သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဌာနမှ အာရှနှင့် ပစိဖိတ်ရေးရာ ဌာနမှ အကြီးတန်း သံအရာရှိ Mr. Filip Kanda နှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေး ဝန်ကြီးရုံးအဖွဲ့ အကြီးတန်း အရာရှိ Mr Mr. Lukáš Zícha တို့လည်း တက်ရောက်ကြသည်။