ကြေညာချက်အမှတ် (၉/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

ကြေညာချက်အမှတ် (၉/၂၀၂၁)
ကြည့်မြင်တိုင်မြို့နယ်အတွင်း ဆန္ဒပြမှုအားတပ်မတော်၏ဖြိုခွင်းမှုနှင့်စပ်လျဉ်း၍ထုတ်ပြန်ကြေညာချက်
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၁ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော လူငယ်များကို စစ်ကောင်စီမှ စစ်ကားဖြင့် ရည်ရွယ်ချက်ရှိရှိ အလစ်အငိုက် ဝင်တိုက်ခဲ့သဖြင့် ဆန္ဒပြလူငယ်သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် ကျန်လူငယ်တစ်ဦးမှာ ကားပေါ်သို့သယ်ဆောင်စဉ် သေဆုံးခဲ့ရပြီး အခြား ဆန္ဒပြလူငယ် ၁၅ ဦးမှာလည်း ဖမ်းဆီးခံခဲ့ရပါသည်။အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်းသည့် သက်သေများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး နောက် တပ်မတော်သည် အဆိုပါမှတ်တမ်းဓာတ်ပုံတင်ခဲ့သည့် ပြည်သူသုံးဦးကိုလည်း ဖမ်းဆီးခဲ့ပါသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်၌ရှိနေစဉ် အချိန်အတွင်း ယခုကဲ့သို့ ရက်စက် ကြမ်းကြုတ်လှသည့် ရာဇဝတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ယနေ့ဖြစ်ရပ်သည် သီးသန့်ဖြစ်ရပ်တစ်ခုမဟုတ်ကြောင်း အမှတ်ရရန်မှာ အရေးကြီးပါသည်။ ယနေ့ ဖြစ်ရပ်သည် တပ်မတော်က နိုင်ငံတော်အာဏာအား တရားမ၀င်သိမ်းပိုက်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် မည်မျှအန္တရာယ်ရှိပြီး မြန်မာနိုင်ငံသားများအတွက် ဘေးကင်းလုံခြုံမှုကင်းမဲ့လာပုံအား တစ်ကမ္ဘာလုံး အတွက် သတိပေးချက်တစ်ရပ်လည်းဖြစ်သည်။ ယနေ့အထိ တပ်မတော်သည် ပြည်သူ အနည်းဆုံး ၁,၃၀၃ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၇,၇၅၀ ဦးအား နိုင်ထက်စီးနင်း ဖမ်းဆီးနှိပ်စက်ခဲ့ပါသည်။ တပ်မတော်သည် အကြမ်းဖက်မှုနှင့် အင်အားအလွန်အကျွံ သုံးခြင်း၊ မီးရှို့မှုကျူးလွန်ခြင်း၊ အရပ်သားပိုင်ဆိုင်မှုများကို လုယက်ခြင်းနှင့် ၎င်းတို့၏အာဏာရှင် အုပ်ချုပ်မှုကို ငြင်းပယ်သူများကို နှုတ်ပိတ်ခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု များသည် တိုင်းပြည်အပေါ်တွင် ၎င်းတို့၏ အခွင့်အာဏာကို အခိုင်အမာရရှိနေသမျှ ကာလပတ်လုံး ဆက်လက် တည်ရှိနေဦးမည်ဖြစ်သည်။ ယခုကဲ့သို့စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများ အကြားတွင် မြန်မာပြည်သူများအနေဖြင့် ၎င်းတို့မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြပြီး ဖြစ်သကဲ့သို့ မရေမတွက်နိုင်သည့် အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ကမ္ဘာက သိရှိနေစေကာမူ တပ်မတော်၏ ရက်စက်ယုတ်မာကြမ်းကြုတ်မှုများ၏ အပြစ်မဲ့ပြည်သူများသည် ကိန်းဂဏန်း မျှသာမဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအဖြစ် မှတ်သားထားရန် အရေးကြီးပါသည်။

လုံခြုံမှုရှိသောလူမှုပတ်ဝန်းကျင်တွင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာရှိရှိနေထိုင်ရန်မှာ မြန်မာ ပြည်သူများအားလုံး၏ အခြေခံလူ့အခွင့်အရေးပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုင်းအဝန်းနှင့် ကမ္ဘာနိုင်ငံ့ခေါင်းဆောင်ကြီးများကို မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကိုကာကွယ်ပေးရန်နှင့် တပ်မတော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

– အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံရေးနှင့် သံတမန်ရေးအပြင် စီးပွားရေးအရပါ ပို၍ ထိထိရောက်ရောက် အရေးယူဖိအားပေးနိုင်ရန်မှာ လိုအပ်လှပါသည်။ သို့မှသာ စစ်ကောင်စီ၏ အခွန်ဘဏ္ဍာငွေများ၊ လက်နက်ခဲယမ်းများနှင့် ပြင်ပမှ အထောက်အပံ့များကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အားပေးကူညီနေသည့်နိုင်ငံများနှင့် နိုင်ငံ့ကိုယ်စားပြုများကို အားပေးကူညီနေခြင်းများ မပြုနိုင်စေရန် ဖိအားပေးစေလိုပါကြောင်း တောင်းဆိုအပ်ပါသည်။

– နိုင်ငံတကာအစည်းအဝေးများတွင် တက်ရောက်ရမှုအဆင့်အတန်းကိုမကြည့်ဘဲ နိုင်ငံကိုယ်စား ပြုခြင်းကိုပဲ ကြည့်မည်ဆိုပါက စစ်ကောင်စီ၏ နိုင်ငံတကာဆွေးနွေးပွဲများတွင် ကိုယ်စားပြု ပါဝင်နေခြင်းသည် ၎င်း၏ နိုင်ငံတကာတွင် တရားဝင်ဖြစ်မှုကဲ့သို့ ဖြစ်ပါသည်။ သို့ပါ၍ အခြားသောနိင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုပေးပါရန် တိုက်တွန်းလိုပါသည်။
ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့် ပြည်သူကယုံကြည်အားကိုးရသော ပြည်သူ့ ကိုယ်စားပြု အစိုးရတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာရေးမှာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှုများကိုဖြေရှင်းရန် နည်းလမ်းပင်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေး သည့် မည်သည့်ဆောင်ရွက်ချက်ကိုမဆို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တပ်မတော်မှ ကျူးလွန်ခဲ့သောစစ်ပွဲများကြောင့် ထိခိုက်နစ်နာသူများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ယနေ့ဖြစ်ရပ်တွင် မတရားခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ များ၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် မတရား ထိန်းသိမ်းခံထားရသည့် လူငယ်များအတွက်လည်း များစွာစိတ်မကောင်းဖြစ်ရပါသည်။ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် ဒီမိုကရေစီပြန်မရမချင်း၊ တပ်မတော်အား ၎င်းတို့၏လူမဆန်သည့် ရက်စက် ကြမ်းကြုတ်မှုများအတွက် အရေးယူ မခံရမချင်း၊ အုပ်ချုပ်ရေးနှင့်လုံခြုံရေး ဖွဲ့စည်းပုံများတွင် အကြမ်းဖက်မှုအား အမြစ်ပြတ်တိုက်ထုတ်မပြီးမချင်း ကျွန်ုပ်တို့အနေဖြင့် လက်လျှော့၍မရကြောင်း ယနေ့ဖြစ်ရပ်က မီးမောင်းထိုးပြလျက် ရှိပါသည်။