ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန် ချန်လှပ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

၁။ (၆-၅-၂၀၂၂) ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာအစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာအား တက်ရောက်ခွင့်မပြုဘဲ ချန်လှပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိပေးဖော်ပြလိုပါသည်။
၂။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ သည် မြန်မာ့အရေးအတွက် အရေးပါသူတဦးဖြစ်ပါသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ကို မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန် အစပိုင်းတွင်ဖိတ်ကြားခဲ့သော်ငြား တက်ရောက်ခွင့် မပြုခြင်းသည် ကုလသမဂ္ဂအပေါ် မလေးမစားပြုရာရောက်နေပါသည်။ မြန်မာ့အရေးနှင့် စပ်လျဥ်း၍ အာဆီယံဘုံသဘောတူညီချက် ၅ ချက်တည်းနှင့် လုံလောက်သည်ဟူသော အကြောင်းပြချက်ဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ အခန်း ကဏ္ဍသည် မေးမှိန်နေလျက်ရှိပါသည်။ ယခုအခါတွင် ကုလသမဂ္ဂ သည်ပင်လျှင် အဆိုပါအစည်းအဝေးတွင်ပါဝင်ခွင့် မရရှိဖြစ်လာသည်ကို တွေ့ရှိလာရပါသည်။ အဆိုပါအထူးအစည်းအဝေး၏ ဆုံးဖြတ်ချက်သည် လက်ခံနိုင်စရာမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကို လည်း မျက်ကွယ်ပြုရာရောက်နေပါသည်။
၃။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ အား ယခုကဲ့သို့ အစည်းအဝေး ဖိတ်ကြားခြင်းမပြုသည့်အတွက် လွန်စွာစိတ်ပျက်မိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Sri Saifuddin Abdullah မှထုတ်ဖော် ပြောကြားသည့် အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုထောက်ခံပါသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနှင့် မြန်မာနိုင်ငံရှိ မတရားဖမ်းဆီး၊ သတ်ဖြတ်ခံခဲ့ရသော ပြည်သူအရေအတွက်သည် ဆီးရီးယားနှင့် ယီမင်နိုင်ငံ တို့အရေအတွက် စုစုပေါင်းထက် များပြားနေကြောင်း ကိုလည်း အလေးအနက်ထားထုတ်ဖော်ပြောကြားခဲ့ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးကို ယခုထက်ပိုမိုတိုးမြှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။
၅။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ အပေါ် မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရမှ ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး ဒေါက်တာ နိုလင်းဟေဇာအနေဖြင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားသောအရေးပါသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများအတွက်လည်း ကြိုဆိုထောက်ခံပါသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဒေါက်တာ နိုလင်းဟေဇာ၏ မှန်ကန်စွာထောက်ပြထားသော အောက်ပါအချက်များကိုလည်း ထောက်ခံ ကြိုဆိုပါသည်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အခြေခံမူများကို လေးစားလိုက်နာရန်၊ အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား နိုင်ငံရေး ရည်ရွယ်ချက်များအတွက် အသုံးမချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် အသုံးချ၍ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦများအား တရားဝင်မှုဖြစ်စေရန် လုပ်ဆောင်ခြင်းမှ ကာကွယ်ရန်၊ အလှူရှင်များ၏ ရံပုံငွေများ ပိုမိုရရှိရေးကို အလေးထားရန်လိုအပ်သကဲ့သို့ ပြည်တွင်းရှိ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်နေသူများအား ပံ့ပိုးကူညီနိုင်ရန်အတွက်လည်း အလှူရှင်များ၏ လိုက်လျော ညီထွေရှိမှုအား အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကူညီဆောင်ရွက်မှုများအား ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၊ နယ်စပ်ဒေသများ နှင့် မြို့ပြဒေသများအပါအဝင် ပဋိပက္ခဒဏ် ခံရသည့် ခက်ခဲသည့်ဒေသများထံသို့ ရောက်ရှိစေရန် ချိတ်ဆက်ဆောင်ရွက်ရန်။