လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့ အတွက် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် အမျိုးသားညီညွတ်ရေးအစိုးရမှ Quad အင်အားကြီးလေးနိုင်ငံသို့ အဆိုပြုတောင်းဆိုသော ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့တွင် ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း လေးနိုင်ငံ ပူးတွဲကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆို ပါသည်။

အင်အားကြီးလေးနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရေးနှင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရထားရသူများ ပြန်လည်လွတ်မြောက်ရေးတို့ အတွက် အချိန်ကိုက် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါသည်။အဆိုပါကြေညာချက်တွင် “မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အလျင် အမြန် ပြန်လည်ရောက်ရှိရေး” အတွက်ပါ ထည့်သွင်းတောင်းဆိုခဲ့ပါသည်။

အဆိုပါ ကြေညာချက် ထုတ်ပြန်ပြီးသည့်နောက် သုံးလကြာကာလအတွင်း မြန်မာပြည်သူ များက ရင်ဆိုင်ကြုံတွေ့နေရသည့် အကြပ်အတည်းများသည် ယခင်ထက်ပို၍ ဆိုးရွားလာလျက် ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မတရားဖမ်းဆီးချုပ်နှောင်မှု များသည် ရပ်တန့်သွားခြင်းမရှိပါ။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်မှုအား အခွင့်ကောင်းတစ်ရပ်အဖြစ်အသုံးချကာ နိုင်ငံတစ်ဝန်း အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုများအား ဆတိုးလုပ်ဆောင်လျက်ရှိပါသည်။ တရားမဝင် အာဏာသိမ်းကာလ အတွင်း အပြစ်မဲ့ပြည်သူပေါင်း ၆၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဖြစ်သည့်အတွက် မြန်မာ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများသည် ကမ္ဘာ့အရေးတစ်ခု ဖြစ်ရန် လိုအပ် ပါသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမည့် အလား အလာ လုံးဝမရှိသည့်အပြင် တရားဝင်ဖြစ်သည့် ပြည်သူဆန္ဒများကိုလည်း လျစ်လျူရှုလျက် ရှိပါသည်။ မိမိတို့ မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီအား လုံးဝအလိုမရှိကြပါ။ အကြမ်းဖက်စစ်ကောင်စီတွင်လည်း ပြည်သူတစ်ရပ်လုံးအပေါ် လွှမ်းမိုးနိုင်သည့် အခွင့်အာဏာ ရှိမနေပါ။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ကတိကဝတ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မထီမဲ့မြင်ပြုသည့် လုပ်ဆောင်ချက်များကို ဆက်တိုက်ကျူးလွန်နေခြင်းလည်း ဖြစ်ပါသည်။ Quad အင်အားကြီးလေးနိုင်ငံအဖွဲ့အနေဖြင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ပြောကြား ခဲ့သည့်အတိုင်း “ဒေသတွင်းတည်ငြိမ်ရေးအတွက် Quad သည် အရေးပါမြဲအခန်းကဏ္ဍ၌ တည်ရှိ နေမည်” ဆိုသည့်အချက်အား လက်တွေ့အကောင်အထည်ဖော်ရမည့် အချိန်အခါကိုရောက်ရှိလာပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းခံရသည်မှာ ၁၅ လတာကြာမြင့်လာသည်နှင့်အလျောက် မတရားမှုနှင့် မလုံခြုံမှုများကို ခါးစည်းခံနေရသည့် မြန်မာပြည်သူများသည် လာမည့် မေလ ၂၃ နှင့်၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Quad အဖွဲ့ဝင်လေးနိုင်ငံ၏လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို စိတ်ဝင်တစား လေ့လာကြည့်ရှုနေကြပါသည်။ မိမိတို့အနေဖြင့်လည်း ဩစတေးလျနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်သည် ၎င်း၏ ပထမဆုံးတက်ရောက်မည့် Quad အစည်းအဝေးတွင် အခြားနိုင်ငံခေါင်းဆောင်များနှင့်အတူ အရေးတကြီးဂရုပြုရန်လိုသော မြန်မာပြည်သူတို့၏အသံကို ကြားသိနိုင်စေရန် အထူးပင် မျှော်လင့်ပါသည်။ မိမိတို့သည် အင်အားကြီးလေးနိုင်ငံအနေဖြင့် အောက်ဖော်ပြပါအချက်များအပေါ် ရှင်းလင်း ပြတ်သားစွာ ရပ်တည်ပေးနိုင်ရန် တောင်းဆိုပါသည်
(၁) အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊
(၂) တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန်၊
(၃) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံရေးအပေါ်ဗဟိုပြု၍ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ရန်၊
(၄) အကြမ်းဖက်စစ်ကောင်စီ၏ လူသတ်မှုများကို ကျူးလွန်နိုင်ရန် ပံ့ပိုးပေးနေသည့် အကြောင်းအရာဖြစ်သော လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကို သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် ၎င်းတို့၏ အခွင့်အာဏာကို အသုံးချ၍ ကန့်သတ်ပေးပါရန်၊
(၅) အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမှလွတ်ကင်းသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အား မြန်မာပြည်သူတို့၏ လက်ဝယ်တွင်သာ တည်ရှိနိုင်ရန်။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်းလုံခြုံ ရေးအတွက်ပါ အရေးကြီးလှသည့် လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့ အတွက် Quad အင်အားကြီးလေးနိုင်ငံက formal working group တစ်ခုအား နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် အဆိုပြုတောင်းဆိုလိုပါသည်။