လက်နက်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူရန် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန
ဇွန်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံတွင် မလိုလားအပ်သော အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်ရမ်းကားမှုများကို ကျူးလွန်ခွင့်ရအောင် ပြုလုပ်ပေးရာရောက်သည့်လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူရန် ဗြိတိန်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် အကြမ်းဖက်စစ်အုပ်စုထံ ဒရုန်းများနှင့် ရဟတ်ယာဉ်အစိတ်အပိုင်းများကို ရောင်းချနေသည့် ရုရှားလက်နက်ရောင်းဝယ်သူ အများအပြားကို ဖော်ထုတ်ခဲ့ပါသည်။အဆိုပါ ကုမ္ပဏီများသည် အကြမ်းဖက်စစ်အုပ်စုများနှင့် တစ်သားတည်းရပ်တည်လျက်ရှိသော ရုရှားစစ် အကြံပေးများကို ထောက်ခံအားပေးလျက်ရှိပြီး အပြစ်မဲ့အရပ်သားများကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို အထမြောက်စေရန်ထောက်ပံ့ကူညီနေကြပါသည်။ ထိုသို့သောဘေးဒုက္ခများကို အထမြောက်စေရန်ထောက်ကူနေကြသည့် အဆိုပါကုမ္ပဏီများ၏ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက ရှုတ်ချသင့်ပါသည်။မြန်မာနိုင်ငံသည် ရုရှားတို့၏ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများအတွက် ခင်းကျင်းပြသရာနေရာ တစ်ခု မဟုတ်ပါ။အဆိုပါ ပိတ်ဆို့အရေးယူမှုတွင် ရုရှားလက်နက် တင်သွင်းသူများနှင့် အကြမ်းဖက်စစ်အုပ်စုကြား ကြားခံများအဖြစ် ဆောင်ရွက်သည့် မြန်မာကုမ္ပဏီအမည်များကိုလည်း ဖော်ထုတ်ထားသည်။ဤကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာများ၏ လုပ်ရပ်သည် အလွန်ရှက်စရာကောင်းပါသည်။အမျိုးသားညီညွှတ်ရေးအစိုးရသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားပါသည်။ အကြမ်းဖက်စစ်အုပ်စုထံ လက်နက်လွှဲပြောင်းပေးရေးကို လိုလိုလားလားလုပ်ဆောင်နေသော မြန်မာလူမျိုးများသည် ၎င်းတို့၏ရာဇဝတ်မှုများအတွက် တရားရုံးတွင် တာဝန်ယူရလိမ့်မည်ကို သိထားကြရမည်ဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံသို့ တရားမဝင်လက်နက်များ စီးဆင်းမှုကို အဆုံးသတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အသုံးပြုရန် ထပ်မံတောင်းဆိုပါသည်။