အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယမန်နှစ်က G7 အဖွဲ့ဝင်နိုင်ငံများ၏အစည်းအဝေးတွင် မြန်မာပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိကဝတ်များအား အကောင်အထည်ဖော်ပေးရန် တိုက်တွန်းပြောကြား ကြောင်း ထုတ်ပြန်ကြေညာချက်

ဂျာမနီနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် G7 အဖွဲ့ဝင်နိုင်ငံများ၏အစည်းအဝေးတွင် ယမန်နှစ်က မြန်မာပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိကဝတ်များကို ပြင်ဆင်မွမ်းမံနိုင်ရန်အတွက် အရေးကြီးသော အခွင့်အရေးကောင်းတစ်ရပ်လည်း ဖြစ်ပေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော G7 အဖွဲ့ဝင်နိုင်ငံများ၏အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှု၊ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ပါသည်။ ထို့နောက် G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ကို ဖန်တီးဖော်ဆောင်နိုင်ရေးနှင့် ထိခိုက်လွယ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသော မြန်မာပြည်သူများအတွက် ချုပ်နှောင်မှုမရှိသည့် လူသားချင်း စာနာထောက်ထားမှုများ အပြည့်အဝရရှိရေးတို့အပေါ် ၎င်းတို့ကိုယ်တိုင် ကတိကဝတ်ပြုခဲ့ပါသည်။ထို့အပြင် G7 အဖွဲ့ဝင်နိုင်ငံများသည် လိုအပ်ပါက “ ထပ်တိုးအစီအမံများ” ကို ချမှတ်ဆောင်ရွက်နိုင်ရန်ကိုလည်း ဘုံကတိကဝတ်ပြုခဲ့ကြပါသည်။

ယူကေတွင် ယမန်နှစ်က ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ G7 အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာလည်း ဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ အကူအညီလိုအပ်နေသော မြန်မာ ပြည်သူများထံ ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်စစ်တပ် သည် ငြင်းပယ်ထားရုံသာမက ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပြင်းပြင်းထန်ထန် ဖောက်ဖျက်ကျူးလွန်လျက်ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များကလည်း ငတ်မွတ်ခေါင်းပါးမှုအား စစ်လက်နက်တစ်ခုအဖြစ် ပြည်သူတစ်ရပ်လုံးအပေါ် အသုံးချလာကြပါသည်။

သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများနှင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံထားသူများ အားလုံးကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေရသော ယခုကဲ့သို့ ကြီးမားလှသည့် လူသားချင်းစာနာမှုထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးများအပေါ် အထူးအလေးအနက်ထား ဆွေးနွေးဆောင်ရွက်ပေးပါရန် တိုက်တွန်းပါသည်။G7 အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံခြားငွေများ စီးဆင်းနေမှုကို ကန့်သတ်ရန်အတွက် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည့် အခွင့်အာဏာလည်း ရှိပါသည်။

G7 အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ပြည်သူများအပေါ် ကျုးလွန်လျက်ရှိသည့် လူသတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးနေသည့် ရုရှားနှင့် အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမည်ဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများမှ ထပ်တိုးအစီအမံများ ဆောင်ရွက်ရန် ကတိကဝတ်များချမှတ်ရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏လက်အောက်မှ မိမိတို့၏လွတ်လပ်မှုရရှိရန် ကြိုးပမ်းနေမှုများအား ပံ့ပိုးကူညီပေးပါရန် မျှော်လင့်ပါသည်။