မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် (၁၃/၂၀၂၂)
ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်

အာဆီယံ၏ အထူးကိုယ်စားလှယ် Prak Sokhonn ၏ မြန်မာနိုင်ငံသို့ လာရောက်သော ဒုတိယအကြိမ် ခရီးစဉ်အပြီးတွင် အကြမ်းဖက်စစ်အာဏာရှင်များသည် အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းကို ရှင်းလင်းသိသာစွာ ကောက်ချက်ချနိုင်ပါသည်။

အာဆီယံ၏ အထူးကိုယ်စားလှယ် Prak Sokhonn အနေဖြင့် ၎င်း၏ ခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း၊ အထူးကိုယ်စားလှယ်၏ သက်တမ်းမှာ ယခုအချိန်တွင် ငါးလခန့်သာကျန်ရှိတော့သည့်အတွက် အထူးကိုယ်စားလှယ်အနေဖြင့် လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရပါသည်။ အဆိုပါအချက်သည် အာဆီယံ၏ တောင်းဆိုချက်တစ်ခုစီတိုင်းကို ပယ်ချကာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုအားလုံးကို စိတ်ပျက်စေရန် ရည်ရွယ်သည့် အကြမ်းဖက်စစ်အုပ်စု၏ ပုံဖော်ထားသည့် ပုံစံအတိုင်းပင်ဖြစ်သည်။

အာဆီယံ၏ ဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းရယူပြီးနောက် လက်ရှိအာဆီယံ၏ ဥက္ကဋ္ဌဖြစ်သူ Hun Sen ၏ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်အတွင်း၌လည်း ယခုကဲ့သို့ပြုမူဆက်ဆံခြင်းကိုပင်ခံခဲ့ရပြီး ဖြစ်သည်။ ထို့နောက်တွင် အာဆီယံ၏ ဥက္ကဋ္ဌအနေဖြင့် အကြမ်းဖက်စစ်အုပ်စုထံ Sean Turnell အား ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို ကွပ်မျက်မည့် အစီအစဉ်များအား ဖျက်သိမ်းရန် လူသိရှင်ကြား တောင်းဆိုခဲ့သော်လည်း ၎င်း၏တောင်းဆိုမှုများသည် နှစ်ကြိမ်စလုံးတွင် ငြင်းပယ်ခံခဲ့ရပါသည်။ အထူးကိုယ်စားလှယ် Prak Sokhonn သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြမ်းဖက်စစ်အုပ်စုထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း၊ ၎င်း၏ခရီးစဥ်မတိုင်မီကပင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အကျဥ်းထောင်တွင်းသို့ ပို့ဆောင် ချုပ်နှောင်ထားခြင်းကိုသာ မဖြစ်မနေတွေ့မြင်ခဲ့ရပြီးဖြစ်သည်။

ထိုကဲ့သို့သော ထပ်ခါတလဲလဲစော်ကားသော အပြုအမူတိုင်းသည် အာဆီယံ၏ နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်နိုင်မှု အရင်းအမြစ် နှင့် အာဆီယံနိုင်ငံခေါင်းဆောင်များ၏ သြဇာလွှမ်းမိုးမှုကို ကျဆင်းစေပြီး အကြမ်းဖက်စစ်အုပ်စုက ယင်းကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခြင်းကို စောင့်ကြည့်လျက်ရှိပါသည်။

“လမ်းကြောင်းမှန်ပြင်ဆင်ချမှတ်နိုင်ခြင်း မပြုသေးခင်တွင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက် စစ်အုပ်စု၏ အာဆီယံခေါင်းဆောင်များအပေါ် ဂုဏ်သိက္ခာချခြင်းလုပ်ရပ်များအား မည်မျှအထိ သည်းခံကြမည်နည်း။” ဟု မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံ အထူးကို ယ်စားလှယ်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုရင်း မေးခွန်းထုတ်ခဲ့ပါသည်။

“မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato’ Sri Saifuddin Abdullah က မြန်မာနိုင်ငံအပေါ်တွင် “ဝင်ရောက်မစွက်ဖက်ရေး” မူဝါဒမှ “ဥပေက္ခာမပြုရေး” မူဝါဒတစ်ခုသို့ ပြောင်းလဲကျင့်သုံးရန် အာဆီယံထံ မှန်ကန်စွာ တောင်းဆိုခဲ့ပါသည်။ ထိုတောင်းဆိုမှုသည် အာဆီယံ၏ဂုဏ်သိက္ခာနှင့် အညီဖြစ်သည်ဟု မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ထပ်လောင်းပြောဆိုခဲ့ပါသည်။

“အာဆီယံ၏ အနောက်ဧရိယာတွင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ ပြင်းထန်တိုးပွားလာခြင်းကို မဖြေရှင်းနိုင်ဘဲ ပျက်ကွက်နေခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ ရောက်ရှိစေရန် တွန်းပို့နေခြင်းပင်ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် ပတ်သက်၍ အာဆီယံက မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို သိရှိပြီးသည့်အလျောက် မြွေ၏ဦးခေါင်းကို ဖြတ်ပစ်သည့် နည်းလမ်းအား လက်တွေ့ကျင့်သုံးရမည်ဖြစ်ပါသည်။

”တစ်ချိန်တည်းမှာပင် အာဆီယံ၏ မိတ်ဖက်အဖြစ် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မည့် မြန်မာပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ တည်ရှိနေပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါ်ပေါက်လာရပြီး ဒေသအတွင်း၌ အန္တရာယ်ဖြစ်စေနိုင်သည့် များပြားလှသော အကျပ်အတည်းပြဿနာများကို အတူအတွ ကြိုးပမ်းဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ အာဆီယံဖိုရမ်များမှတစ်ဆင့်ဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ကတိကဝတ်ပြုထားပါသည်။“

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခြင်းသည် ကျင့်၀တ်ပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ရုံသာမက နိုင်ငံရေးအရ လိမ္မာပါးနပ်သော လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အာဆီယံ၏ အကောင်းဆုံးသော အကျိုးစီးပွားလည်းဖြစ်ပါသည်” ဟု မြန်မာ့နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါသည်။