နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၏ ကိုယ်ရေးအကျဉ်း

International Strategic Studies at the Royal College of Defence Studies, London

Master’s Degree of Southeast Asian Studies at the Chulalongkorn University

        ဦးမိုးဇော်ဦးကို ၁၉၆၉ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ကျောင်းသားသပိတ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေစဉ် ၁၉၈၈ခုနှစ် ပြည်လုံးကျွတ်ဆန္ဒပြပွဲတွင်လည်း ထပ်မံတက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ဦးမိုးဇော်ဦးသည် ၁၉၈၈ခုနှစ် စက်တင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပါသည်။ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် ၁၉၉၀ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၉ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ထို့နောက် ပြည်နှင်ဒဏ်ခံရစဉ် ဦးမိုးဇော်ဦးသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ Southeast Asian Studies ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါသည်။
        ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးတွင် ဒုတိယရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလတွင် ရုံးအဖွဲ့မှူး ဖြစ်လာခဲ့ပါသည်။ ဦးမိုးဇော်ဦးသည် ၂၀၁၇ခုနှစ်တွင် လန်ဒန် Royal College of Defence Studies မှ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာပညာရပ်ဖြင့် ဘွဲ့လွန်ဒီဂရီ ရရှိခဲ့ပါသည်။
        ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တွင် အကြံပေးတစ်ယောက်အဖြစ် ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ခုနှစ် ဧပြီလ ၁၆ရက်တွင် ဦးမိုးဇော်ဦးအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့မှ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။




နောက်ဆုံးမွမ်းမံသည့်နေ့စွဲ မေလ ၃၀ရက်၊ ၂၀၂၁ခုနှစ်။