နိုင်ငံခြားရေးဆိုင်ရာမူဝါဒ
လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သောမူကို အခြေခံလျက် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထွန်းကားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သမျှသော နိုင်ငံများအား နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ဆက်ဆံသွားမည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးကို သတိမူလျက် အိမ်နီးချင်းနိုင်ငံကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးရေးကို အားပေးထောက်ခံသောနိုင်ငံများနှင့် အနီးကပ် ပူပေါင်းဆောင်ရွက်မည်။
နိုင်ငံခြားရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် နိုင်ငံခြားရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများအဖြစ် အောက်ပါတို့ကို ပြဋ္ဌာန်းထားသည်။
- နိုင်ငံခြားရေးမူဝါဒအရ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအသိုက်အဝန်းက တရားဝင် အသိအမှတ်ပြုလာစေရေး ဆောင်ရွက်မည်။
- နိုင်ငံတကာဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား အကာအကွယ်ပေးနိုင်မည့် နိုင်ငံတကာစာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ရမည်။
- ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကိုလိုလားသည့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်ထည်ဖော် ဆောင်ရွက်မည်။
- အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာ ပိတ်ဆို့အရေးယူနိုင်ရေးနှင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေးအတွက် သံတမန်နည်းလမ်းများဖြင့် ဆောင်ရွက်မည်။
ဦးတည်ချက်များ
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက တရားဝင်အသိအမှတ်ပြုလာစေရေး (de jure recognition) မြှင့်တင်ဆောင်ရွက်ရန်။
- တရားမဝင် အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားများ တိုးမြှင့်ပေးနိုင်စေရေး တွန်းအားပေးဆောင်ရွက်ရန်။
- ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် စေလွှတ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ရန်။
- တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုစေရေးအတွက် နိုင်ငံတကာဥပဒေများနှင့် သံတမန်နည်းလမ်းများ အသုံးပြု၍ တွန်းအားပေးဆောင်ရွက်ရန်။
- အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ကိုယ်စား နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများနှင့် တရားဝင်ချိတ်ဆက် ဆောင်ရွက်ရန်။
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်တွင်းလုပ်ငန်းစဥ်များကို နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့ပေးနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆပ်ကော်မတီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကြား ချိတ်ဆက်ဆောင်ရွက်ပေးရန်။
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ မေလ ၃၀ရက်၊ ၂၀၂၁ခုနှစ်။