နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ ကိုယ်ရေးအကျဉ်း

Young Global Leader (2014)

International Women of Courage Award (2012)

        နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ၁၉၇၆ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၈ခုနှစ်တွင် မြောက်ဥက္ကလာပ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ် ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၈ခုနှစ်တွင် ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် ၈၈၈၈ (၁၀)နှစ်ပြည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
        ၁၉၉၀ ရွေးကောက်ပွဲရလာဒ်အရ ရက်ပေါင်း (၆၀)အတွင်း လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၈)နှစ် ချမှတ်ခံခဲ့ရပါသည်။ အင်းစိန်ထောင်နှင့် မန္တလေးဗဟိုအကျဉ်းထောင်တို့တွင် (၁၁)နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၀၉ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ပြန်လည်လွတ်မြောက်ပြီးနောက် ရန်ကုန်မြို့ American Center တွင် Cultural Impact Study Club ကို ဦးဆောင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science) နှင့် RAINFALL – Gender Study Group ကိုလည်း ပူးတွဲတည်ထောင် ဆောင်ရွက်ခဲ့ပါသည်။
        ၂၀၁၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့်သည့် International Women of Courage Award ကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၄ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့လူငယ်ခေါင်းဆောင် (World Global Young Leader 2014) စာရင်းတွင် ဖော်ပြခံခဲ့ရပါသည်။
        ၂၀၁၄-၁၅ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် NED Fellow (Reagan-Fascell Democracy Fellow of National Endowment for Democracy) အဖြစ် ပညာသင်သွားရောက်ခဲ့ပါသည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရပါသည်။
        ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါသည်။
        ၂၁ရာစုပင်လုံအစည်းအဝေးတွင် လူမှုရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ AWPR (ASEAN Women Peace Registry) အာဆီယံငြိမ်းချမ်းရေးအမျိုးသမီးမှတ်ပုံတင်အဖွဲ့တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။ လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် တစ်ဦးအနေဖြင့် ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ထားခြင်းခံရပါသည်။
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ မေလ ၃၀ရက်၊ ၂၀၂၁ခုနှစ်။