နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ဂျာမနီနိုင်ငံ ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ဂျာမနီနိုင်ငံ ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ယနေ့ ဧပြီလ၊ ၃၀ ရက်နေ့၊ ၂၀၂၁ ခုနှစ် ညနေပိုင်း (၃:၃၀) အချိန်တွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက လက်ရှိမြန်မာပြည်၏ အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ လုပ်ငန်းစဥ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ၊ EU နိုင်ငံများရှိ CDM ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုများကို အကာအကွယ်ပေးရေးကိစ္စ၊ နယ်စပ်တလျှောက် တိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးရေး ကိစ္စရပ်များ၊ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကိစ္စနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

ဂျာမနီ ဖက်ဒရယ် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ဥရောပသမဂ္ဂက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် အခြေခံအခွင့်အရေးများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအား ကူညီအားပေးသွားမည်ဖြစ်ကြောင်း၊ မေလ (၃) ရက်နေ့တွင် ကျင်းပမည့် G7 နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာပြည်ကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ရင်းရင်းနှီးနှီး အပြန်အလှန်ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ပြီး ညနေ (၅:၀၀)နာရီ တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။

Scroll to Top